အိတ်ဖွင့်ပေးစာတစောင်

Wednesday, November 19th, 2008

အိတ်ဖွင့်ပေးစာတစောင်

http://freeforcountry.blogspot.com/ မှ ကူးယူဖော်ပြသည်။

ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ….။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော….ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ…။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ….။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုး…တနေ့ ရလိမ့်  နိုးနဲ့ … အခုထိမျှော်နေဆဲပါဗျာ…။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူး…အသံလွှင့်  ဌာနတွေ …နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ…။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ….။

အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ…။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ….။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်….။ မတရားအမှု့ ဆင် ဖမ်းတာ တွေ …။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ….။ ကျနော်တော့  ဗျာ….ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ …။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ…။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား…။ ဒီလိုပဲ နေနေကြတော့  မှာလား….။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ…။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်….။ ဘာလို့ လဲ ဆိုတော့  သတင်းစာမျက်နှာလေးတွေများလာကိုးဗျ…။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ…။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ…။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်…။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကို တင်ပြမယ်ဆိုတုန်းကလေ.. ကျုပ်ဗျာ… ဘယ်လိုပြောရမလဲ.. ဒီတခါတော့ ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့…။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ….ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီး… စကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး…။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့…။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ…။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာ…ဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး….။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာ…ဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ….။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်…. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်…လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ….အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့…။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း….။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာ…နှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာ… ကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး…။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး…။ နှစ်တွေ လဲကြာပြီ…ကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာ… ခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လား…ဘာတွေ ကို မက်မောနေကြတာလဲ…ဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား….ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာ…အခုတော့ ဗျာ…။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ…။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်… အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်…ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ…။

ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကား…ပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်… ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ…။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ …ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်… ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲ…လို့…ကျုပ်လုပ်တာကျုပ်ပြောမယ်… ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူး… ဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်…အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်…။ အင်း…ကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်…. မျိုသိပ်ထားရတာတွေများနေတယ်…ခုတော့……..

မောင်သက်ပြင်း ( အင်းယားမြေ )

( ၇ . ၁၁ . ၂၀၀၈ )

အဇ္ဈတ္တ

Monday, November 17th, 2008

အဇ္ဈတ္တ

တကယ်တော့ အတွေးတခုကနေ မွေးဖွားခဲ့တာပါ။ အတွေးတခုကနေ နောက်ထပ် အတွေးတွေ ဆင့်ကဲ ဖြစ်ပေါ်ပြီး ဒီအတွေးတွေကို သိုလှောင်ထားတဲ့ ရေလှောင်ကန်ကြီးဟာ စာအုပ်တအုပ်ဖြစ်တယ်။ အင်တာနက် စာမျက်နှာ တခုဖြစ်တယ်။ ဘလော့တခုဖြစ်တယ်။ ဒါမှမဟုတ် ရုပ်ရှင်တပုဒ်ဖြစ်တယ်။ အတွေးတွေ ကူးသန်းဆက်ယှက်ရင်း ဒီအတွေးတွေ မပြန့်ပွားဖို့ အနှစ် ၂၀ ဆိုတာကို ကျနော်တို့ဘာသာ ကျနော်တို့ တီထွင်လိုက်ကြတယ်။ ကျနော်တို့ဘာသာ ကျနော်တို့ ကန့်သတ်လိုက်ကြတယ် ဆိုပါတော့။

ဒီလိုနဲ့ တိုးတက်သင့်တဲ့ အတွေးတွေသာ မတိုးတက်ခဲ့ဘူး။ ပြုတ်ကျကျန်ရစ်ခဲ့တဲ့ သမိုင်းစာမျက်နှာပေါင်းများစွာထဲမှာ စာရွက်တွေထပ်ပြီး အဖြုတ်ခံရဖို့ မလိုလားခဲ့ဘူး။ သမိုင်းဆိုတာ အောင်နိုင်သူတို့ ရေးရာ၏တဲ့။ ဒီလိုဆို ရှုံးနိမ့်သူတွေရဲ့ ရာဇ၀င်ဟာ တရုတ်သမိုင်းထဲက ချင်ရှီဟွမ် ဘုရင်ကြီးလို ရှိရှိသမျှ မီးရှို့ချင်တဲ့သူတွေက အခုအချိန် အများသား။ အခုလို အချိန်မှာ အရာအားလုံး ချုပ်ငြိမ်းသွားအောင် သံရည်ပူ တရှဲရှဲလောင်းပြီး လောင်တိုက်သွင်းရင် နောင်တချိန်မှာ အရာအားလုံး ငြိမ်းချမ်းသွားမယ်ထင်လား ကိုယ့်လူ။ အခြေမခိုင်တဲ့ ခြေထောက်တစုံနဲ့ ခေါင်းပေါ်တက်ရပ်နေသူတွေအဖို့ နောက်တချိန်ဆိုတာ ပြုတ်ကျဖို့သာ ရှိတယ်။ အတ္တနဲ့ လောဘကို ကိုယ်စားပြုတဲ့ အဇ္ဈတ္တနဲ့ ကိုယ်တခုဟာ ၀တ်ကောင်းစားလှတွေ ၀တ်ပြီး အများခေါင်းတွေကို နင်းချေထားတယ်။

တိုးတက်လာမယ့် အနာဂတ်တွေကို ရင်ဝယ်ပိုက်ဖို့ နေနေသာသာ စင်္ကာပူမှာ ဈေးဝယ်လို့ အားရသေးတာ မဟုတ်ဘူး။ အိမ်မှာ ကျယ်တဲ့ အိမ်ကျယ်တွေအဖို့ အပြင်က ပြောစကား နားထောင်ဖို့ နေနေသာသာ ကိုယ့်ဟာကိုယ် ဗိုလ်လုပ်လို့ အားမရနိုင်သေးဘူး။ ဒီလိုနဲ့ ဒီအိမ်ကြီးထဲမှာ လူတွေ နည်းခဲ့ပြီ။ ခါးချိအောင် အထောင်းခံဖို့ ကိုယ့်ခါးကို ကော့ပေးကြရတယ်။ နားမချိအောင် အထောင်းခံဖို့ လေလှိုင်းတွေက အဆက်မပြတ် လွှတ်ပေးနေကြတယ်။ တချို့က အမှန်တချို့နဲ့ အမှားသုံးပုံနှစ်ပုံကို ရော cocktail အဖြစ် တင်ဆက်ကြတယ်။ တချို့က အမှားတွေအများကြီးမှာ အမှန် တလုံး ၂ လုံး ထည့်ပြီး အမှန်လို့ ပြောချင်ကြတယ်။ နားကော ခါးကော ချိသွားကြသူတွေအဖို့တော့ ဂျောင်းရင်ဂျောင်း အောင်းရင်အောင်းပဲ ကိုယ့်လူ။ မအောင်းဘဲ အောင်လံ လွှင့်သူတွေအတွက်ကတော့ ချိုးဖျက်ခံထားရတဲ့ အမှန်တရားနဲ့ ဥပဒေက စောင့်လျက်ပဲပေါ့။

ပြောခွင့်မရလို့သာ မပြောကြတာ.. ရင်ဘတ်ထဲက အသံတွေဟာ ဗြောင်းဆန်နေတယ်။ အပြောခံနိုင်ဖို့ နေနေသာသာ ကျသွားတဲ့ ကာတွန်းတပုံဟာ သူတို့အတွက် ကျဉ်စက်နဲ့ အတို့ခံရသလိုပဲ။ ဒီလိုနဲ့ သူတို့ပြောတဲ့ တိုးတက်ပြောင်းလဲလာမယ့် နေ့တနေ့ကို ငါတို့တွေ လက်ကလေးပိုက်ပြီး ထိုင်စောင့်ရဦးမယ်။ ငါတို့တွေ ထိုင်စောင့်ရင်းနဲ့ ဟို အကြော်သည် မိန်းမ သမီးလဲ ကလေးတွေ တပြွတ်ကြီးနဲ့ အကြော်ဆက်ရောင်းဆဲပေါ့။ ဟောင်းနွမ်းနေတဲ့ ငါတို့ အိမ်ခေါင်မိုးတွေ ဆေးပြန်မသုတ်နိုင်ခဲ့တာ ကြာခဲ့ပြီ။ ဒီလိုနဲ့ပဲ အပြောကြီးတဲ့ ဟိုဘက်အိမ်က ပွဲစားသမီးလဲ နိုင်ငံခြားထွက်သွားခဲ့တာလဲ ကြာခဲ့ပြီ။

ပြောင်းလဲဖို့ အချိန်အခါတရပ်ဆိုတာ အခုအချိန်ထိ မပြောင်းလဲနိုင်ခဲ့သလို ပြောင်းလဲဖို့သင့်တဲ့ ကျနော်တို့အားလုံးလဲ မပြောင်းလဲနိုင်ခဲ့တာ ကြာပါပြီ။ ဒီလိုနဲ့ပဲ သူတို့တွေ နင်းချေသွားကြသလို ကျနော်တို့တတွေလဲ ကိုယ်နင်းချေခဲ့ကြတဲ့ အတိတ်တွေကို အမှတ်မရဘဲ အနာဂတ်ကို မျှော်မှန်းနေလို့တော့ မရဘူး ကိုယ့်လူ။

အိုဘားမားဆိုပဲ

Monday, November 3rd, 2008

အိုဘားမားဆိုပဲ

အမေရိကန်ပြည်ထောင်စုရဲ့ ၄၄ ကြိမ်မြောက် သမ္မတရွေးပွဲကြီးကတော့ အခုဆို နောက်ဆုံးရက်တွေကို ရောက်လာပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေမှာလဲ ဒီသမ္မတရွေးပွဲဟာ အတော်ခေတ်စားလျက်ရှိပါတယ်။ အမေရိကန်ကို မုန်းတဲ့ နိုင်ငံတွေဟာလဲ ဒီသမ္မတရွေးပွဲက ရလဒ်ကို ကြည့်ပြီး သူတို့ရဲ့ နိုင်ငံခြားရေးရာမူဝါဒတွေကို ပြင်ဆင်ရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲ Terrorists လို့ ကမ္ဘာတလွှား သိကြတဲ့ မွတ်ဆလင် အစွန်းရောက်တွေကလဲ အမေရိကန်ရဲ့ သမ္မတအသစ်ကို အားစမ်းချင်ကြပါသတဲ့။ ဒီတော့ ဒီလိုဒီလို ဟော့နေတဲ့ သတင်းကို ကဒေါင်းညင်သာကမှ မရေးရင် ခေတ်နောက်ကျသွားမှာပေါ့။ ဒါကြောင့် ဒီမိုကရေစိ တော့ပစ်တခုဖြစ်တဲ့ election fever ဆိုတာလေးကို ကျနော်ရင်ထဲက ခံစားကြည့်ပါရစေလားဗျာ။

အခု ၄၄ ကြိမ်မြောက် သမ္မတရွေးပွဲအတွက် စုစုပေါင်း ၁၃ ယောက် (source: Wiki) ထဲမှာမှ အခု နာမည်ကြီး ၂ ယောက် ဟာ သမ္မတရာထူးအတွက် ယှဉ်ပြိုင်လျက်ရှိပါတယ်။ ပထမတယောက်ကတော့ republican party က ဘိုးတော် ဂျွန်မက်ကိန်းဖြစ်ပြီး သူဟာ သမ္မတရာထူးအတွက် ၂၀၀၀ ခုနှစ် သမ္မတရွေးပွဲကစပြီး အခုထိ သဲကြီးမဲကြီး ယှဉ်ပြိုင်နေသူတဦးပါ။ သူဟာ စစ်သားဟောင်းပီပီ အတော်ကို တွန်းတွန်းတိုက်တိုက်ကို နိုင်ငံရေးကစားသမားတဦးအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမဲ့ stubborn (ပြန်မပြောနားမထောင်) တော်ရုံ လက်မခံတတ်သူမို့ Maverick ဆိုပြီးလဲ ခေါ်ပါတယ်။ အခု election မှာတော့ သူက underdog (နိုင်ဖို့ တော်ရုံမလွယ်သူ) အဖြစ် ဆက်လက်နာမည်ကြီးဆဲပါ။

ဘိုးတော်က အတော့်ကို အသက်ကြီးနေပါပြီ။ ၇၀ ကျော်နေပြီ ဖြစ်ပေမဲ့ သန်တုန်း မာတုန်းပေါ့။ အဲ ကျနော် မကြိုက်တာကတော့ သူဟာ သူသမ္မတဖြစ်ရင် ဘာတွေ ကောင်းတာလုပ်ပေးမလဲဆိုတာကို ဦးစားပေး မပြောဘဲ အိုဘားမားကို တိုက်ခိုက်ပြောဆိုဝေဖန်နေတာ များတဲ့အတွက်ပါ။ နောက်တချက်ကတော့ သူရွေးတဲ့ ဆာရာပေလင်ဆိုတဲ့ hockey mom လို့ ခေါ်တဲ့ ဒုသမ္မတလောင်းကိုလဲ မကြိုက်ပါ။ သူဟာ ဟီလာရီ ကလင်တန်လို အတွေ့အကြုံရှိတဲ့ အပြောကောင်းတဲ့ မိန်းမတယောက်မဟုတ်ဘဲ နိုင်ငံရေးသမားအသစ်စက်စက်ကလေးသာ ဖြစ်တဲ့အတွက် မက်ကိန်းအနေနဲ့ သူ့ ယှဉ်ပြိုင်မှုမှာ အားသစ်လောင်းတဲ့အနေနဲ့ ထည့်သွင်းခံခဲ့ရခြင်း ဖြစ်ပါတယ်။ အခုတော့ ပေလင်တယောက် မက်ကိန်းအဖွဲ့နဲ့ စကားများတာတွေ ထွက်ထွက် လာပါရောလား။

ဂျွန်မက်ကိန်းဟာ အမေရိကန်နိုင်ငံအတွက် အတော့်ကို စွမ်းဆောင်ပေးခဲ့တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ သူဟာ စစ်သားကောင်းတယောက်၊ စစ်သုံ့ပန်းတဦး၊ ဆီးနိတ်အမတ်တယောက်၊ ဆီးနိတ်မှာ အတော့်ကို အတိုက်အခံပြောဆိုခဲ့တဲ့ အမတ်တယောက်။ (အမတ်ဆိုတာ အများဖော်လိုလိုက် အကြိုက်ပြောတာထက် ကိုယ့်အမြင်ကို ပြောဆိုတာမျိုးကို ကျနော် ပိုသဘောကျတယ်။) ဒါပေမဲ့ ဂျွန်မက်ကိန်းတယောက် အခုလို သမ္မတရာထူးကို အတင်းကာရောကြီး လိုက်ပြိုင်နေတာကို မကြိုက်မိပါဘူး။ သူဟာ serve ဆိုတာထက် title တခုကို လိုချင်လို့ လုပ်နေသလိုကြီး ဖြစ်နေတယ်။ နောက်တချက်ကတော့ သူ့ရဲ့ ၇၀ ကျော် အသက်အရွယ်ရယ်၊ အသက်ကြီးရက်နဲ့ အိုဘားမားလို လူငယ်တယောက်ကို လူမျိုးရေးခွဲခြားသလို ဘာလိုလို ဝေဖန်မှု၊ အိုဘားမားရဲ့ မျှော်မှန်းထားတဲ့ ပေါ်လစီတွေအပေါ် ခြေထိုးပြောဆိုတာတွေရယ်ကြောင့် ကျနော် လုံးဝမကြိုက်ပါ။

သူနဲ့ ပြိုင်ပြီး ယှဉ်ပြိုင်သူနောက်တယောက်ကတော့ အိုဘားမား ဖြစ်ပါတယ်။ သူဟာ ဒီမိုကရက်တစ်ပါတီက ဖြစ်ပြီး အသက် ၄၇ နှစ်သာသာရှိသေးတဲ့ လတ်လတ်ဆတ်ဆတ် နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။ သူဟာ လူမည်း အာဖရိကန်တယောက်ဖြစ်ပြီး သူ့ဖခင်ဟာ ကင်ညာနိုင်ငံသားတယောက် ဖြစ်ပါတယ်။ ကင်ညာအစိုးရရဲ့ စီးပွားရေးပညာရှင်အဖြစ် အလုပ်လုပ်သူပါ။ ကျနော်ဟာ အိုဘားမားရဲ့ နောက်ကြောင်းကို လေ့လာမိသလောက် သူဟာ အတော့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဖေ ကင်ညာ၊ အမေ အမေရိကန်၊ မွေးပြီး ကြီးပြင်းလာတာ အမေရိကန်၊ သူ့ဆွေမျိုးတွေက ကင်ညာမှာ။ သူဟာ ကျနော် တွေးခဲ့ဖူးတဲ့ ဂလိုဘယ် နိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်ထဲမှာ ပါနေပါတယ်။ နောက်တချက် စိတ်ဝင်စားစရာကောင်းတာက အမေရိကန်လူမျိုးအများစု (လူဖြူအစွန်းရောက်တွေမပါ)ဟာ အိုဘားမားကို လူမည်းဖြစ်လို့ သူ့အဖေက ကင်ညန်ဖြစ်လို့ စသဖြင့် မုန်းတီးတာ မရှိပါ။ အမေရိကန်ပြည်ထောင်စုဟာ အခုတော့ အမြင်ကျယ်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။ ၁၉၅၀ ၆၀ ၀န်းကျင်မှာ ပေါ်ခဲ့တဲ့ လူမည်း နိုင်ငံရေးခေါင်းဆောင် မာတင်လူသာကင်းရဲ့ (I have a dream) ဆိုတဲ့ မိန့်ခွန်းဟာ အခုချိန်မှာ ရင့်ကျက် အကောင်အထည်ပေါ်ပြီ ဖြစ်ပါတယ်။

မာတင်လူသာကင်းရဲ့ I have a dream မိန့်ခွန်းထဲက အကြိုက်ဆုံး စာသား

“I have a dream that one day this nation will rise up and live out the true meaning of its creed: ‘We hold these truths to be self-evident, that all men are created equal.’”

“I have a dream that my four little children will one day live in a nation where they will not be judged by the color of their skin, but by the content of their character.”

(Source: Wiki)

အိုဘားမားရဲ့ Change We believe in ဆိုတဲ့ စကားလုံးလေးကို ကျနော် တကယ်ကို သဘောကျပါတယ်။ Change ဆိုတာ လိုအပ်သလို ကျနော်တို့ အမြဲ ယုံကြည်ထားရပါမယ်။ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်မလာနိုင်ဘူးလား။ မြန်မာပြည် တနေ့ တောင်ကိုရီးယားလို Transform မဖြစ်လာနိုင်ဘူးလား။ ဒါတွေဟာ Change (ပြောင်းလဲမှု) တွေပါ။ ဒါကို ယုံကြည်ထားမယ်ဆိုရင် ခင်ဗျားဟာ ဘယ်တော့မှ စိတ်ဓာတ်ကျစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကြောင့် ဒီစကားတလုံးထဲနဲ့ အိုဘားမားဟာ ကျနော့်ကို ဆွဲယူသွားပါတယ်။

အိုဘားမားဟာ အလွန်ထူးချွန်တဲ့ orator (စကားပြောကျွမ်းကျင်သူ) အဖြစ် သူ့ရဲ့ campaign (ယှဉ်ပြိုင်မှုကာလတလျှောက်) နဲ့ presidential debate ၃ ခုကနေ သက်သေပြသွားခဲ့ပါတယ်။ presidential debate ဆိုတာကတော့ သမ္မတလောင်းတွေကို အငြင်းအခုံပြောဆိုစေခြင်းပဲ ဖြစ်ပါတယ်။ အစကတော့ presidential debate ကို ကျနော် မသိပါဘူး။ ဒါပေမဲ့ Robin Williams ရဲ့ Man Of the Year ကို ကြည့်ပြီး ကျနော် အတော့်ကို သဘောကျသွားခဲ့ပါတယ်။ (Man of the Year ဟာ အမေရိကန် သမ္မတရွေးကောက်ပွဲအကြောင်း ရိုက်ထားတာပါ။ ကျနော်အကြိုက်ဆုံး ရုပ်ရှင်တပုဒ်ပါ။ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။)

ဒီ အငြင်းအခုံပြောပွဲတွေမှာ အိုဘားမားဟာ တည်တည်ငြိမ်ငြိမ်နဲ့ စကားအတုံ့အလှည့်ပြောနိုင်တာ၊ အပြုံးမပျက်ဘဲ သူ့ကို ဝေဖန်နေတဲ့သူကို ရင်ဆိုင်နိုင်တာတွေဟာ အတော်ကို ခက်ခဲတဲ့ personal skills တွေအဖြစ် ကျနော် သဘောကျသွားပါတယ်။ နောက် အိုဘားမားဟာ သူ့ပေါ်လစီတွေကို ချပြသွားနိုင်တယ်။ နားထောင်သူ၊ကြည့်ရှုသူတွေကို သူ့ပေါ်လစီတွေကို ကြိုက်အောင် စွဲဆောင်နိုင်တယ်။ အခု အမေရိကန် စီးပွားပျက်ကပ်ကြီးမှာ သူဟာ ကယ်တင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကို ရအောင် ဆွဲဆောင်နိုင်တာ soft skill တမျိုးပေါ့။ သူဟာ အီရတ်စစ်ပွဲကို အမြန်ဆုံး သိမ်းနိုင်အောင် လုပ်ပေးမယ်လို့လဲ ပြောသတဲ့။

ဒီလူဟာ အခုတော့ အပြောတွေ ကောင်းတာပေါ့။ လူတွေကလဲ ဒါကြောင့် ယုံတာပေါ့။ ဒါပေမဲ့ တကယ် သမ္မတဖြစ်ခဲ့ရင် အပြောတမျိုး အလုပ်တမျိုး လူမျိုးလား ဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ထိုင်ဝမ်က ကျော်ကြားတဲ့ လူထုခေါင်းဆောင် သမ္မတ မာယင်းကျိုတောင် အခု လူထုက သိပ်လက်မခံနိုင်တော့ဘူး မဟုတ်လား။ တရုတ်ကို ကပ်လွန်းလို့တဲ့။ ထားပါတော့။ အိုဘားမားရဲ့ Change ဆိုတာကော အမေရိကန် နိုင်ငံရေးကို တကယ် လတ်ဆတ်တဲ့ ပြောင်းလဲမှုတွေ ပေးနိုင်ပါ့မလား။ အမေရိကန်ရဲ့ အခြေခံဖြစ်တဲ့ ဆီးနိတ်ကကော အိုဘားမားနဲ့ အဆင်ပြေပါ့မလား။

အိုဘားမားရဲ့ Yes I can ဆိုတဲ့ အပြုံးဟာ အခုမီဒီယာတိုင်းမှာ ပါပါတယ်။ သူဟာ over promise မဖြစ်ဖို့ လိုပါတယ်။ သူ့ရဲ့ ဆီးနိတ်အမတ်အဖြစ် လုပ်ဆောင်နိုင်မှုတွေဟာ အနာဂတ်အတွက် သက်သေအဖြစ် ယူဆမယ်ဆိုရင်တော့ သူဟာ အပြောကော အလုပ်ကော ကောင်းတဲ့ နိုင်ငံရေးသမားပေါ့။ ဒါပေမဲ့ စင်္ကာပူက ဘဘလီကွမ်ယူကတော့ သူ့ကို prefer မဖြစ်ပါဘူးတဲ့။ ထားပါတော့။ ကျနော်ကတော့ အိုဘားမားကို ကြိုက်ပါတယ်။ မဲပေးစရာ မလိုတဲ့အတွက် မပေးပါဘူး။ ပေးလဲ မပေးသင့်ဘူးလေ။ ကျနော်က အမေရိကန် နိုင်ငံသားမှ မဟုတ်တာ။ ကိုယ့်နိုင်ငံအတွက်ပဲ မဲပေးစရာ လိုတယ်လေ။ ကြိုက်တယ် မကြိုက်ဘူးဆိုတာကတော့ လူ့ထုံးစံပဲ။ သူက အမေရိကန်မို့လို့ ကိုယ့်လူမျိုးမဟုတ်ရင် မကြိုက်ရဘူးဆိုတာကတော့ အစွန်းရောက်တာပေါ့နော်။ လူဖြူ အစွန်းရောက်၊ လူမည်း အစွန်းရောက်၊ ဒီကြားထဲမယ် ဗမာအစွန်းရောက်တွေလဲ ရှိသေးတယ်။

အိုဘားမားရဲ့ နာမည်အပြည့်အစုံက Barack Hussein Obama တဲ့။ ဟူစိန်ဆိုတဲ့ နာမည်ကြားတာနဲ့ ကျနော်တို့တွေက မွတ်စလင်လို့ ထင်ပါရောလား။ အိုဘားမားကတော့ ခရစ်ယာန်တယောက်ဖြစ်ပါသတဲ့။ အဲ မွတ်စလင်တယောက် ဖြစ်ခဲ့ရင်ကော အမေရိကန်တွေ ကြိုက်ကြပါဦးမလား။ ကျနော်ကတော့ ကြိုက်ဦးမှာပါ။ မွတ်စလင်ဆိုပေမဲ့ သူ့အသိုင်းအ၀ိုင်းအပေါ် အကျိုးဆောင်နိုင်ရင် သူဟာ နိုင်ငံသားကောင်း တယောက်ပဲလေ။ စကားမစပ် ခရစ်ယာန်ပဲ ဖြစ်ဖြစ်၊ မွတ်စလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် တခြားဘာသာအပေါ် လေးစားရမှာပေါ့။ မလေးစားဘဲ အတင်းကြီး သွတ်သွင်းတာတွေ၊ သွေးဆောင်တာတွေကတော့ ဘယ်ကောင်းပါ့မလဲ။ ထားပါတော့။ ကျနော့်မှတ်ချက်လေးပါ။

ကဲ နက်ဖြန်ဆို ရွေးကောက်ပွဲနေ့ပဲဗျ။ ကျနော်ကတော့ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဦးမယ်ဗျာ။ နောက်မှ တွေ့တာပေါ့။

ကဒေါင်းညင်သာ

မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး)

Tuesday, October 28th, 2008

မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး)
(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

ဝေယံ    
တနင်္လာနေ့၊ အောက်တိုဘာလ 27 2008 19:22 - မြန်မာစံတော်ချိန် 

ရွှေလီ။     ။ ပါးစပ်က ကွမ်းတမြို့မြို့ဝါးတတ်သူ အသက် ၃ဝ ကျော်အရွယ် မဖြူဆိုတဲ့ အမျိုးသမီးကို ရွှေလီမြို့မှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကြား တော်တော်များများက ကျက်မိနေပါပြီ။

သို့ပေမယ့် သူဟာ လူကုန်ကူးသူ တယောက်ဆိုတာတော့ သူ ပျောက်သွားပြီး ရက်သတ္တပတ်ကျော်တော့မှ ဗူးပေါ်သလို ပေါ်လာပါတော့တယ်။

လွန်ခဲ့တဲ့ ၂ လလောက်က သူတို့ကိုယ်တိုင် ရောင်းစားလိုက်တဲ့ အသက် ၁၈ နှစ်အရွယ် သံလျင်သူလေး မဝါဝါကို မုဒိန်းကျင့်ပြီး ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ပြစ်မှုမှာ တရားခံတွေအဖြစ် သူတို့ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ 

သံလျင်ဇာတိဘွား မဖြူဟာ ခင်ပွန်းသည် ကိုကျော်ထွန်း၊ သားနှစ်ယောက်၊ မောင်နှမဝမ်းကွဲ တော်စပ်သူ လင်မယားနှစ်ဦးနဲ့ ရွှေလီမှာ အခြေချလာတာ ၂ နှစ်နီးပါးပဲ ရှိပါသေးတယ်။

မဝါဝါကို ပီကင်းမြို့နားမှာရှိတဲ့ ဆန်းတုန်းပြည်နယ်က တရုတ် အမျိုးသားတယောက်ရဲ့ လက်ထဲကို ယွမ်ငွေ ၂ သောင်းနဲ့ ရောင်းစားခဲ့တာပါ။ ဝယ်လက်တရုတ်က ငွေကို အပြည့်မချေသေးဘဲ စရံအဖြစ် ယွမ် ၆ဝဝဝ ပေးပါတယ်။ ရောင်းစားပြီး မကြာခင်မှာပဲ ဝါဝါဟာ တရုတ်လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ရာမှာ ဒီလဆန်းပိုင်းမှာ ရွှေလီကို ပြန်ရောက်လာပါတယ်။

အားကိုးရာမယ့် ဝါဝါဟာ သူ့ကို ရောင်းစားလိုက်တဲ့ ကိုကျော်ထွန်းနဲ့ မဖြူတို့ဆီမှာပဲ မှီခိုနေထိုင်ခဲ့ပါတယ်။ မဖြူတို့အတွက်တော့ ရောင်းကုန်ပြန်ရတာပေါ့၊ နောက်ထပ် တရုတ်တယောက် လက်ထဲကို ရောင်းဖို့ ထပ်ကြိုးစားပြန်ပါတယ်။ ဝါဝါကတော့ ဒီတခါ အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။

သို့ပေမယ့်လည်း ပွဲဆိုင်ထားတဲ့ တရုတ်ဆီက ငွေတချို့ ယူထားပြီးလို့ ဝါဝါကို မရအရခေါ်ရဖို့ ကြိုးစားပါတော့တယ်။

အခင်းဖြစ်ပွားမယ့်နေ့ ညနေပိုင်း၊ နေဝင်ရီတရော အချိန်မှာ ရွှေလီကနေ မိုင်အနည်းငယ်ဝေးတဲ့ မြန်မာနိုင်ငံ နမ့်ခမ်းမြို့ဘက် သွားရာလမ်းအတိုင်း အငှားကားတစီးနဲ့ ဝါဝါကို တင်ခေါ်သွားပါတယ်။ ခေါ်သွားသူတွေက လူပွဲစား မိသားစုဝင် အားလုံးပဲ ဖြစ်ပါတယ်။

မိနစ် ၂ဝ လောက်သွားရတဲ့ မြန်မာပိုင် မန့်ဟီးရိုးရွာဘက်အရောက် လယ်ကွင်းဘေးတနေရာမှာ ကားပေါ်က ဆင်းလိုက်ကြပါတယ်။

“သူတို့ ဒီကနေ စသွားကတည်းက ဘီယာတွေ သောက်သွားကြတာ။ မန့်ဟီးရိုးတဝိုက်က လယ်ကွင်းတွေဘေးမှာ ဆင်းပြီး လယ်ကွင်းထဲ ခေါ်သွားကြတာ။ အဲဒီမှာ ကျော်စွာကစပြီး မုဒိန်းကျင့်တယ်။ ကျန်တဲ့လူတော့ မပါဘူးပေါ့။ ကျင့်ပြီးတာနဲ့ ဘိုဘိုက ဓားနဲ့ စထိုးတယ်။ ဓားဒဏ်ရာ ၅ ချက်နဲ့ ကောင်မလေးက သေဆုံးသွားတာပါ။ ပြီးတော့ အလောင်းကို ရေမြောင်းဘေးမှာ ပစ်ထားလိုက်တယ်” လို့ အမှုဖော်ထုတ်ရာမှာ ကူညီခဲ့သူ မြန်မာတဦးက  ပြောပါတယ်။

အခင်းဖြစ်ပြီး နောက်ရက်မှာ ဒေသခံ ရှမ်းရွာသားတွေက ဝါဝါရဲ့ ရုပ်အလောင်းကို တွေ့ရာကနေ တရုတ်အာဏာပိုင်တွေဆီ ဖုန်းဆက် အကြောင်းကြားပါတယ်။ ဒီ့နောက်မှတော့ ပြစ်မှုကျူးလွန်သူ လူမှောင်ခိုဂိုဏ်းကို တစတစ ခြေရာခံရင်း ဖော်ထုတ်နိုင်ခဲ့တာပါ။ 

အခင်းဖြစ်ပြီးစမှာ တရုတ် အာဏာပိုင်တွေဟာ လူသတ်မှု ကွင်းဆက်ကို မဖော်နိုင်သေးဘဲ၊ နာမည်ရှိနေတဲ့ လူဆိုး စာရင်းဝင်တွေကိုပဲ လိုက်ဖမ်းနေခဲ့တာပါ။ ဖြစ်ချင်တော့ မဖြူတို့ လင်မယား ရောင်းစားခဲ့တဲ့ ရွှေရွှေ ဆိုသူလေးဟာ ရွှေလီကို ထွက်ပြေး လာပြန်ပါတယ်။ ဒါကို ဒေသခံမြန်မာတချို့က ဝိုင်းဝန်းကူညီပေးရာကနေ ခြေရာကောက်မိပြီး မဖြူတို့ လူသိုက် အပါအဝင် လူကုန်ကူးသူ ၁၂ ယောက်ကို ဖမ်းဆီး လိုက်နိုင်ပါတယ်။

ဝါဝါ့အမှုမှာ တရားခံတွေဖြစ်တဲ့ ကျော်စွာ လင်မယားနဲ့ ဘိုဘို၊ အောင်သူစိုးတို့ ၄ ယောက်ကို တရုတ်ပြည် တရားဥပဒေအရ ဆက်လက် အရေးယူဖို့ ချန်ထားပါတယ်။ လူသတ်မှုမှာ မပါဘဲ လူကုန်ကူးသူ ကိုကျော်ထွန်း၊ မဖြူနဲ့ ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တရားခံ ၈ ယောက်ကိုတော့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီကို ဒီလ ၁၄ ရက်နေ့ကပဲ လွှဲပြောင်းပေးလိုက်ပါပြီ။

မူဆယ်အဖွဲ့ရဲ့ စစ်ချက်အရ သူတို့ ရောင်းစားခဲ့တဲ့ အမျိုးသမီးပေါင်း အယောက် ၂ဝ လောက်ရှိပြီလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

မြန်မာ စစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက် လူကုန်ကူးမှု မှုခင်းတွေနဲ့ ဆက်စပ်ကြည့်ရင်တော့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မလားဆိုတဲ့ မေးခွန်းကိုတောင် ထုတ်စရာ လိုမယ် မထင်ပါဘူး။ 

မြန်မာ့စီးပွားရေး ဆင်းရဲမွန်းကျပ်မှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ တဝမ်းတခါးအတွက် နေရပ်စွန့်ခွါ သွားလာနေကြရာမှာ  လူပွဲစားတွေ လက်ထဲ ကျရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ ဝါဝါလိုပဲ ဘဝရော၊ အသက်ပါ ရင်းနှီးခဲ့ရတဲ့  အမျိုးသမီးတွေ ရှိသလို အသက် မဆုံးရှုံးပေမယ့် စိတ်ပိုင်းရုပ်ပိုင်း လူလုံးမလှအောင် နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေ မနည်းလှပါဘူး။ 

အဲဒီထဲမှာ ဒီလ ၂၁ ရက်နေ့ကမှ တရုတ် အာဏာပိုင်တွေက မူဆယ်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီ လွှဲပေးခဲ့တဲ့ အမျိုးသမီး ၆ ယောက်အနက်က မန္တလေးမြို့က တက္ကသိုလ်ကျောင်းသူ ၂ ယောက်လည်း ပါဝင်ပါတယ်၊

မူဆယ်ဒေသခံ တယောက်က “သူတို့တွေရဲ့ အသက်တွေကတော့ လူအများ စိတ်ဝင်စားမယ့် ၁၈ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်လေးတွေပါ။ လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစု ခံရသလိုပါပဲ။ အလုပ်အကိုင် ပေးမယ်ဆိုပြီး လူပွဲစားတွေက ဖျားယောင်းသွေးဆောင် အခေါ်ခံခဲ့ရတာပါ။ လူပွဲစားတွေကတော့ လားရှိုး ရပ်ကွက် ၇ ကပါ။ အခုတော့ ဖမ်းမိသွားပါပြီ။ ကွန်ပြူတာတတ်တော့ တရုတ်ပြည်မှာ ကွန်ပြူတာတတ်၊ အင်္ဂလိပ်စာတတ်ရင် တလ ကျပ် ၁ သိန်းခွဲ ပေးမယ်ဆိုပြီး လိမ်ခေါ်ခဲ့တာပါ” လို့ ပြောပြပါတယ်။

လားရှိုး-သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းအတိုင်း ခေါ်လာပြီး နယ်စပ်မှာ ယွမ် ၂ သောင်းနဲ့ တရုတ်ပြည်မြောက်ပိုင်း ဆင်းရဲတဲ့ အန်းဝေးပြည်နယ်က လူဆီ ရောင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အဲဒီပြည်နယ်မှာ နေခဲ့ရတာ ၉ လလောက် ကြာခဲ့ပါတယ်။ ရောက်စကနေ ၃ လလောက်အထိ အဲဒီမှာ ကုန်ပစ္စည်းတွေ ရောင်းသလို တနေရာနဲ့တနေရာ လှည့်လည် ရောင်းစားတာကို ခံခဲ့ရပါတယ်။ 

၃ လလောက်အကြာမှာ သူတို့နှစ်ယောက်ကို ဝယ်ယူပြီး ပေါင်းသင်းမယ့် ဖူးစာရှင် လင်ယောက်ျားနှစ်ယောက် ပေါ်လာပါတယ်။ တယောက်က ဆွံ့အမျက်မမြင်၊ နောက်တယောက်က အသက် ၆ဝ ကျော်အရွယ်။ ဘာမှ မတတ်နိုင်ပါဘူး။ တစုံတယောက်ဆီကနေ အကူအညီ ရနိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ကြုံကြိုက်သူနဲ့ပဲ ၆ လလောက် ပင်ပန်းဆင်းရဲစွာ နေထိုင် ဖြတ်ကျော်ခဲ့ရတယ်။

ကိုယ့်ရပ်ကိုယ့်ဌာနေနဲ့ ဝေးကွာတဲ့ ကမ္ဘာ့နေရာတခုမှာ မတူညီတဲ့ ရာသီဥတုကြမ်းတမ်းမှုဒဏ်၊ လူမှုဝန်းကျင် မတူညီမှုတွေ အပါအဝင် ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တဲ့အပြင် ဆန်မစားရဘဲ ဂျုံကိုပဲ စားရတဲ့အတွက် စားရေးသောက်ရေးကအစ ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပါတယ်။ 

အဖိုးအိုအရွယ်ကို လင်လုပ် ပေါင်းသင်းရတဲ့ သူကတော့ အလိုမတူတာကြောင့် ညအိပ်စက်ချိန်တိုင်းမှာ နှိပ်စက်ညဉ်းပန်းတာ ခံရပါတယ်။ ဆေးလိပ်မီးနဲ့ ကျောပြင်တခုလုံးကို အထိုးခံရပြီး ဦးခေါင်းမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာ ၂ ချက် ရှိထားပါတယ်။ ရုပ်ရည် လှပသူလေးမို့ လင်လုပ်သူ အဖိုးအိုက မဖောက်ပြန်ရလေအောင်ဆိုပြီး ဆံနွယ် ၄ ကွက်ကြားပုံစံ ပုံပျက်ပန်းပျက် အညှပ်ခံရပါတယ်။ 

သူတို့ နှစ်ယောက် ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ တခြား ရောင်းစားခံထားရတဲ့ မြန်မာ အမျိုးသမီးအများစုလည်း ကံကောင်းသွားပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ တရုတ်ပြည် အိုလံပစ်ပွဲတော် အကြိုကာလအတွင်းမှာ တရုတ်အာဏာပိုင်တွေက စိစစ်မှုတွေ လုပ်လို့ တရုတ်ပြည်ထဲ ရောက်နေသူ မြန်မာအမျိုးသမီး ၁ဝဝ ကျော် တွေ့ရှိခဲ့တဲ့အထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ခဲ့တာပါ။

အိုလံပစ်ပွဲတော်ကာလ စီမံချက်ကြောင့် အမိမြေပြန်ရမယ့် မြန်မာ အမျိုးသမီးတွေထဲမှာ ဖူးကျင့်ပြည်နယ်က တံငါသည်တွေဆီ ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်နဲ့ ၃ဝ ကြား မြန်မာအမျိုးသမီး ၁၈ ယောက်လည်း နယ်စပ်ကို ရောက်နေပါပြီ။ သူတို့ကိုလည်း မကြာခင်မှာပဲ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဆီ လွှဲအပ်ခံရပါမယ်။ 

သို့ပေမယ့်လည်း မြန်မာ အမျိုးသမီးငယ်တွေ လူကုန်ကူးရောင်းစားခံရတာကို ကာကွယ်ဖို့ တာဝန်ယူ လုပ်ကိုင်နေရတဲ့ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့တွေဆီ နိုင်ငံတော်က မထောက်ပံ့နိုင်လို့ ငွေရေးကြေးရေး မပြည့်မစုံနဲ့မို့ ဒီအဖွဲ့ဝင်တွေ ငြီးငြူနေရတယ်လို့ နီးစပ်သူ ဒေသခံတွေကြား အပြောများကြပါတယ်။ 

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ပြန်ရောက်လာချိန်မှာ စားသောက်စရိတ် မတတ်နိုင်လို့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့က နီးစပ်ရာ ကုန်သည်တွေဆီ အလှူခံနေရတာရှိသလို အဝတ်အစား ထုတ်ပေးစရာ မရှိလို့ဆိုပြီး ရဲမေတွေရဲ့ ယူနီဖေါင်းတွေ ထုတ်ဝတ်ခိုင်းရတာမျိုးတွေလည်း ရှိပါတယ်။ လမ်းစရိတ် ပေးစရာမရှိလို့ မလိုအပ်ဘဲ နှစ်ဝက်လောက်အထိ ကြာသွားတာမျိုးလည်း ရှိနေတတ်ပြန်ပါတယ်။

FREEDOM - Rabindranath Tagore

Sunday, October 26th, 2008

 FREEDOM

Freedom from fear is the freedom
I claim for you my motherland!
Freedom from the burden of the ages, bending your head,
breaking your back, blinding your eyes to the beckoning
call of the future;
Freedom from the shackles of slumber wherewith
you fasten yourself in night’s stillness,
mistrusting the star that speaks of truth’s adventurous paths;
freedom from the anarchy of destiny
whole sails are weakly yielded to the blind uncertain winds,
and the helm to a hand ever rigid and cold as death.
Freedom from the insult of dwelling in a puppet’s world,
where movements are started through brainless wires,
repeated through mindless habits,
where figures wait with patience and obedience for the
master of show,
to be stirred into a mimicry of life.

Rabindranath Tagore

မြို့ရိုးဟောင်းထဲ ညပ်နေတဲ့ ပေါင်မုန့်အကျိုးအကြေတချပ်

Wednesday, October 22nd, 2008

မြို့ရိုးဟောင်းထဲ ညပ်နေတဲ့ ပေါင်မုန့်အကျိုးအကြေတချပ်

တကယ်တော့ ဒီမြို့ရိုးဟာ ဟိုးတုန်းက ခပ်ကြွားကြွားရယ်ပေါ့
နီညိုရောင် ဆေးအထပ်ထပ်နဲ့ ရွှံမကပ်ခဲ့တဲ့ ခင်ဗျားဟာ
ခုတော့ ပေါင်မုန့်ကြမ်းတချို့တောင် ထိုးထည့်ခံရနေပြီ။

ဒီမြို့ရိုးဟောင်းဘေးမှာ ကျုံးမရှိ ရေမရှိ
တဲလေးထိုးပြီး မြို့ရိုးပေါ်ပြေးလွှားနေတဲ့
ဆံပင်စုတ်ဖွား ကောင်လေးတယောက်သာ အမှီရှိတယ်။
အသင်မြို့ရိုး..
စွန့်ခွာခဲ့ကြတဲ့ ဥစ္စာဓနတွေနဲ့
အဆောင်အယောင်ဆိုတဲ့ စည်းစိမ်မှန်သမျှဟာ
ကျိန်စာတိုက်ခံရသလို ဟိုးအတိတ်ဆီမှာ ကျန်ရစ်တယ်။

ဒီမြို့ရိုးရဲ့ အတိတ်ဇာတ်လမ်းကို
ကမ္ဘာ့လှည့်တချို့ကသာ အဖတ်လုပ်ပြောဆို
ခင်ဗျားကို ရောင်းစားမယ့် ဧည့်လမ်းညွှန်တွေလောက်သာ
စကားထဲ ထည့်ပြောနေတော့တာကလား။
တကယ်က ဒီမြို့ရိုးဟာ
ဒီဒေသအတွက် မကောင်းဆိုးဝါး။
အတိတ်ကမကောင်းဆိုးဝါးတွေ ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့တဲ့ ခံတပ်။

ဒီမြို့ရိုးရဲ့ ဟိုးဘက်တလွှားကို
သူတို့ ကျော်မကြည့်ချင်ခဲ့ကြဘူး။
ရွှေရောင်တွေ ကျိန်းစပ်နေတဲ့ မျက်စိနဲ့
ဟိုဘက်ခြမ်းကို ပြူးကြည့်ဖို့ စိတ်မကူးခဲ့ကြဘူး။
ဒီလိုနဲ့ပဲ ဒီမြို့ရိုးဟာ ဖုန်တက်
သူတောင်းစားတွေအတွက် ဇရပ်တဆောင် ဖြစ်ခဲ့တယ်။

အတိတ်ကို ပြန်မကြည့်နဲ့
စားမြုံ့ပြန်တိုင်းသာ ဗိုက်ဝမယ်ဆိုရင်
အခုညပ်နေတဲ့ ပေါင်မုန့်တချပ်ကို ခင်ဗျား အစားပေးနိုင်သလား။
ဧည့်လမ်းညွှန် ခေါင်းတချက်ခါခဲ့တယ်။
ကမ္ဘာလှည့်ခရီးသည်တချို့ကတော့
ဘာမှန်းမသိတဲ့ အကြည့်တွေနဲ့ပေါ့။

ကဒေါင်းညင်သာ

တူးဖော်တွေ့ရှိသော ဘလော့မြေစိုင်ခဲများ

Monday, October 20th, 2008

တူးဖော်တွေ့ရှိသော ဘလော့မြေစိုင်ခဲများ

ဒီနေ့တော့ bloghopping မဟုတ်ဘူး။ blog digging လုပ်ရင်းနဲ့ တွေ့ရှိခဲ့တဲ့ ပို့စ်လေးတွေပါ။ ဝေမျှလိုက်ပါရစေဗျာ။

ဆရာဒီးဒုတ်ဆီမှ (deedoke.blogspot.com)

လူသုံးယောက်ကွယ်လွန်ပြီးနောက်ကောင်းကင်ဘုံကိုရောက်လာတယ်။
ဂိတ်ဝမှာစိန့်ပီတာ (ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
ကောင်းပြီ အချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
တစ်ခုတော့မှာချင်တယ် ဒီမှာ“ဘဲ”တွေသိပ်ပေါများတယ်…ဒါပေမယ့်…“ဘဲ”တွေကို
တက်မနင်းမိစေနဲ့လို့ စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်“ဘဲ”တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် “ဘဲ”
တစ်ကောင်ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး “ကဲ…ဘဲကိုတက်နင်းမိသူ
မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်အောင်ပေါင်းသင်းနေထိုင်
စေသတည်းတဲ့”။ ၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က “ဘဲ”ကို
နင်းမိပြန်တာပေါ့။ မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ် ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့
အမျိုးသမီးပါလာတယ်။ ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့ မကွဲမကွာအနှီအမျိုးသမီးနဲ့
ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့ အတော်သွေးပျက်နေတယ်။
ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။“ဘဲ”မနင်းမိအောင်အရမ်းကို
ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။ သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့
ရောက်တော့ စိန့်ပီတာရောက်လာတယ်။ ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကို
ခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမောလှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။
သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့စုံဖက်ပေးတော့မှာပါ။ စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကို
မေးလိုက်တယ်…“အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်
ထိုက်တန်ရပါသလဲ”။ စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…
“ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေး
သတိလက်လွတ်ဖြစ်ပြီး အဲဒီသောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ”
..လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။

ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
ထင်ပါတယ်။ လက်စသတ်တော့ သူကိုယ်တိုင်ကရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။
လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။
သူရဲ့ထိုက်တန်မှုကြောင့်ကောင်းမှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်တော့မကျနဲ့ပေါ့ဗျာ။ “ဘဲ”နင်းမိသူတွေထဲက
ချောမောလှပသူလေးတွေရနိုင်ပါသေးတယ်။

‘DD’
အလုပ်တွေများနေတယ်။ မအားတဲ့ကြားက ရသလောက်လေးရေးတင်လိုက်တယ်။

Posted by ဒီးဒုတ် at 12/06/2006 11:02:00 PM  

ဒီတစ်ခုကတော့ ကျနော် လျှောက်ရိုက်ထည့်လိုက်ပြီး ခလုတ်တိုက် ၀င်သွားတဲ့ ဘလော့။ myanmarpoems.blogspot.com တဲ့။ ကဗျာ ၃ ပုဒ်ထဲက ၁ ပုဒ်ကို ကြိုက်လို့ မြေစိုင်မြေခဲထဲမှာ ထည့်လိုက်တယ်။

mypoem3_sg.jpg

Posted by mypoem at 7:25 AM

ကဒေါင်းဘလော့ထုံးစံအတိုင်း နိုင်ငံရေးနည်းနည်းတော့ ထည့်မှ ဖြစ်မယ်။ ဒါကြောင့် တူးဖော်ရရှိတဲ့ ဘလော့မြေစိုင်ခဲတွေထဲက မ spiritcorner ရေးခဲ့တဲ့ ပို့စ်လေးကို တင်ပေးလိုက်ပါရစေဦး။

England ရဲ့ Home Secretary ဟောင်းတစ်ဦးဖြစ်တဲ့ David Blunkett က စီစဉ်တင်ဆက်တဲ့ Nationalism ဆိုတဲ့အစီအစဉ်လေးကို ကြည့်လိုက်ရတယ်။ အဲဒိအစီအစဉ်မှာတော့ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အင်္ဂလန်နိုင်ငံကိုအမျိုးသားရေးစိတ်ဓာတ်တွေနဲ့ ပြန်လည်တည်ထောင်ခဲ့လို့ အလျင်အမြန်တိုးတက်လာပုံတွေ နဲ့ အခုနောက်ပိုင်း အင်္ဂလန်နိုင်ငံသားဖြစ်ဖို့အရေး ဘယ်လိုစီစစ်ရွေးချယ်မဲ့အကြောင်းတွေကို Immigration issue တွေ အများကြီးနဲ့ တင်ပြသွားပါတယ်။

အဲဒိ အစီအစဉ်လေးကို ကြည့်ပြီး အတွေးတွေက ဘေးချော်သွားတယ်။ သူပြောတဲ့အထဲမှာ ဒိပြင် Immigration issue တွေထက် Natioanalism ဆိုတဲ့ စကားလေးကိုပဲ သေသေချာချာ စဉ်းစားနေမိတယ်။ အမျိုးသားရေး ဝါဒဆိုပါတော့။ ကျွန်မအနေနဲ့တော့ အမျိုးသားရေးဝါဒဆိုတာကို လူမျိုးကြီးဝါဒ ဆိုတာထက် ပိုထောက်ခံပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ အမျိုးသားရေးဝါဒဆိုတာ ရှိသင့်ရှိထိုက်တဲ့ လိုအပ်ချက်တစ်ခုပါ။

အမျိုးသားရေးဝါဒဆိုတာ ကိုယ်လူမျိုး၊ ကိုယ်တိုင်းပြည်ကို ချစ်မြတ်နိုးလို့ ကာကွယ်စောင့်ရှောက်ခြင်းတစ်မျိုးလို့ ကျွန်မတော့ နားလည် ခံယူလက်ခံထားပါတယ်။ အဲဒိလို ကာကွယ်စောင့်ရှောက်တဲ့နေရာမှာ နည်းမှန်၊ လမ်းမှန်ဖြစ်ဖို့တော့ ခေါင်းဆောင်ပိုင်းတွေ အနေနဲ့ သေချာစဉ်းစား ဆုံးဖြတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။

ကျွန်မနားလည်သလောက်ဆိုရင် ဟစ်တလာလည်း ဂျာမနီကိုချစ်တာပဲ။ ဒါပေမဲ့ သူ့ချစ်နည်း နည်းမကျဘူးလို့ ကျွန်မတော့ထင်တယ်။ ဂျာမနီပြည်ကြီးမှာ ဂျူးလူမျိုးတွေ အရမ်းကောင်းစားပြီး ချယ်လှယ်နေတာကို မရှုစိမ့်နိုင်လို့ ၊ ဂျာမန်လူမျိုးတွေ နောက်ကောက်ကျနေလို့ စတဲ့ ခံပြင်းဒေါသတွေနဲ့ ဟစ်တလာ တစ်ယောက် အမျိုးသားရေးဝါဒကို ပုံဖော်လိုက်တာ ဂျူးသုတ်သင်ရေး တရားဖြစ်နေတယ်။
ကျွန်မ ဂျူးလူမျိုးတွေနေရာက ဝင်ခံစားကြည့်လိုက်တော့ ခါးသီးမှုတွေပဲရတယ်။ ဒါပေမဲ့ အဆိုးထဲက အကောင်းဆုံးရလာဒ်ကို ထုတ်ပြရရင်တော့ အခုအချိန်မှာတော့ ဂျူးလူမျိုးထက်ပိုပြီး ကိုယ်လူမျိုးအရေး၊ အမျိုးသားရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့လူမျိုး ကျွန်မ မတွေ့သေးပါဘူး။

ကျွန်မတို့နိုင်ငံမှာလည်း နိုင်ငံခြားသား(တရုတ်၊ကုလား) က မြန်မာလူမျိုးတွေထက် ပိုကောင်းစားနေတယ်ဆိုတဲ့စိတ် အခြေခံတဲ့ မြန်မာလူမျိုးတွေအတွက် ပြည်သူပိုင်သိမ်းပေးတဲ့ ဦးနေဝင်းအကြောင်းကို မှတ်သားရဖူးတော့လည်း နည်းလမ်းမှန်ရဲ့လား လို့ ကျွန်မ စဉ်းစားခဲ့ဖူးပါတယ်။

တိုင်းပြည်ကို ခေါင်းဆောင်လုပ် အုပ်ချုပ်ရသူများဖြစ်လေတော့ သူတို့ရဲ့ အမှားအမှန်၊ အကောင်းအဆိုးဟာ တိုင်းပြည်အပေါ် အကျိုးသက်ရောက်မှုအများကြီးရှိပါတယ်။

ကဲ..ခေါင်းဆောင်ပိုင်းတွေ ထားလိုက်ပါဦး။ ကျွန်မတို့ သာမန်ပြည်သူလူထု ကနေ စဉ်းစားကြည့်ပါဦး။ အမျိုးသားရေး ပျက်စီးယိုယွင်းနေရတာ သူကြောင့်၊ ငါကြောင့်လို့ အပြစ်တွေတင်နေကြမဲ့အစား တစ်ဦးတစ်ယောက်ချင်းစီကနေ စပြီး ထိန်းသိမ်းလို့ မရဘူးလား။

ကျွန်မ မြင်သမျှ၊ ကြားသမျှ ပြောရရင်တော့ အင်္ဂလိပ်လူမျိုးကလည်း သူတို့လူမျိုးအချင်းချင်း အတော်လေးကို ပိုပိုသာသာ စောင့်ရှောက်ကြပါတယ်။ အာဖရိကတိုက်သား လူမည်းအများစုဟာလည်း နိုင်ငံချင်းမတူတာတောင်မှ တစ်ယောက်ထိ ဓားကြည့်ဆိုတဲ့ အထဲက များပါတယ်။

ကျွန်မတို့ မြန်မာချင်း နိုင်ငံခြားမှာ တွေ့ရင်လား..ပြောလက်စ မြန်မာစကားတောင်ရပ်ပြီး ဟိုမှာမြန်မာတွေ ဘယ်ကအရှုပ်ထုပ်တွေလည်းမသိဘူး ဆိုပြီး အသာလေး ကွေ့ရှောင်သွားပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အဲဒိလောက်ချစ်ကြပါတယ်။ ကိုယ်အလုပ်ထဲ မြန်မာတစ်ယောက်ခေါ်သွင်းမယ့်အစား ကျားမြီးပြေးဆွဲချင်သူတွေ တပုံတပင်ပါ။ ဒါပေမဲ့ သူတို့ကိုချည်း အပြစ်ပြောလို့တော့လည်း မရပါဘူး။ ဘာမဟုတ်တဲ့ စိတ်အခန့်မသင့်မှုလေးတွေ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုလေးတွေ အတွက်နဲ့ အစိုးရဌာနတွေကို ဟိုတိုင်၊ ဒီတိုင် ချောက်တွန်း စတဲ့ သာဓကတွေက ရှိဖူးလေတော့ သူတို့အဆိုး မဆိုသာပါ။အဲဒိလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုပြီး ကျွန်မထက်နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ ဆွေးနွေးမေးမြန်းကြည့်ဖူးပါတယ်။ သူတို့အဆိုအရဆိုရင် စိတ်ဓာတ်တွေကို နှစ်ရှည်လများ စနစ်တကျ ဖျက်ဆီးခြင်းခံထားရလို့ပါတဲ့။

အဲဒိလိုဖျက်ဆီးခံထားရတဲ့ စိတ်ဓာတ်ဆိုရင်တောင် တစ်စချင်း ပြန်လည်တည်ဆောက်လို့ မရနိုင်ဘူးလား..
လူကြီးပိုင်းတွေကို စောင့်မျှော်နေမဲ့အစား ကျွန်မတို့ လူငယ်ပိုင်းတွေက စလိုက်ကြရင် အဆင်မပြေ ပိုမပြေနိုင်ဘူးလား..
ကျွန်မတို့ နိုင်ငံကြီးမှာ လွဲချော်မှုတွေအများကြီးဆိုတာ လူတိုင်းအသိပါ။ အဲဒိလွဲချော်မှုတွေကိုပဲ ထပ်တလဲလဲဆိုယုံနဲ့ အမှန်မဖြစ်နိုင်ပါဘူး
တစ်ယောက်တစ်လက် ပုံဖော်မှသာ
တစ်ယောက်တစ်လှမ်း မှန်မှန်လှမ်းမှသာ
တစ်ယောက်တစ်နိုင် တာဝန်ထမ်းမှသာ..
ကျွန်မတို့အားလုံး မျှော်လင့်တောင့်တတဲ့နေ့ ရောက်ရမယ်လို့ ယုံကြည်လျှက်…

Posted by clef at 11:10 PM

အပေါ်က ရသ ၃ မျိုးဟာ အဓိပ္ပာယ်အမျိုးမျိုးကို ပေးဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်လဲ ဒီလို အတူးခံရမယ့် မြေစိုင်မြေခဲဘ၀မျိုးတော့ မရောက်အောင် ဘလော့ကို အသက်ဆက်ချင်ပါသေးတယ်။ ဟီး

တုတ်ကောက်

Monday, October 13th, 2008

တုတ်ကောက်

ကျွန်တော် မွေးတုန်းက လူပါပဲ။

ဘီးလူးစွယ်တွေနဲ့ လူရင့်မာတွေကြား ကြီးပြင်းခဲ့ရ။
လက်ကိုင်တုတ်၊ သေနတ်တွေနဲ့ စစ်ဖိနပ်တွေကြား
နစ်မျောခဲ့ရတဲ့ ဘ၀။
နှမြောစရာ ကောင်းလှချည့်။

ကျွန်တော့် အခွင့်အရေးဆိုတာ ဘာလဲ။
စစ်မြေပြင်မှာ သေနတ်ကောက်ဖို့လား။
“သူတို့” ခိုင်းတာ လုပ်ဖို့လား။

ပိုက်ဆံမရှိ၊ “လူ”လို့ ခေါ်စရာ တစ်ပြား နတိ။

သြော်..
ကျွန်တော့်ကို မသိတဲ့ လူတွေကတော့
ကျောခိုင်းသွားကြပေါ့။
ကျွန်တော် သိတဲ့ လူတွေကရော။
“ကျွန်” တစ်ယောက်လောက်တောင် တန်ဖိုးမထားကြဘူး။

နာကျည်းမိတယ်..

စစ်မြေပြင်မှာ သေနတ်ကောက်ရင်း
အနာဂတ်မှာ သွေးတွေ ပေကျံတဲ့ လက်နဲ့
သူတို့ မျက်နှာကို အလွှာလိုက် ခွာချပစ်ရမယ်။

Generation Wave ၁ နှစ်ပြည့် ကြေညာချက်

Sunday, October 12th, 2008

www.generationwave.co.cc မှ ကူးယူဖော်ပြသည်။

ပင်လယ်

Saturday, October 11th, 2008

ပင်လယ်

ငြိမ်သက်နေတဲ့ ဒီပင်လယ်ဟာ
တခါတခါ နိုးထလာတတ်တယ်။
 ကျယ်ပြောတဲ့ ပင်လယ်
သဲသောင်လွလွနဲ့
ဒီလှိုင်းလေးတွေ ပြေးကစား
ဒီပင်လယ်ဟာ အပျော်ကြိုက်တဲ့ မင်းသမီးလေးတစ်ပါးဖြစ်တယ်။

ဒါပေမယ့် သူမဟာ နက်ရှိုင်း
ရင်အစုံ ရိုင်းခဲ့တဲ့အခါ
ဖူးကတ်၊ ဧရာဝတီ
ဆူနာမီလှိုင်းတွေကြား
လူတိုင်းနီးပါး အညံ့ခံပေးလိုက်ကြရတယ်။

အိုပင်လယ်
နက်ရှိုင်းလှတဲ့ သင့်ရဲ့ အလှ
ငြိမ်သက်ချင်ယောင်ဆောင်တဲ့
မြွေဟောက်လို အဆိပ်ပြင်းသမျှကို
လူသားအပေါင်းက အံ့သြငေးမော
ခုထိ သာယာ
ဘယ်တော့မှ အမှတ်မရ
ကိုယ်တိုင် မခံရသမျှတော့
ပင်လယ်ဆိုတာ
တကယ်တော့ နတ်ဘုရားမ..

အဲဒီ နတ်ဘုရားမဆီ
သွားရောက်ခစားရဦးမယ်။
ပင်လယ်ပေါ် ခွထိုင်ထားတဲ့
ဟိုတယ်အများစုကတော့
ဘယ်အချိန် ပါးပြင်းထ အပေါက်ခံရမလဲဆိုတာတော့
ရင်တမမ ဒေါ်လာတရရပေါ့။

(ပင်လယ်အကြောင်းတွေးမိရင်း ရေးမိတာလေးပါဗျာ။)